What you can and can not do under Australia Coronavirus Shutdown

ဩစတေးလျ ကိုရိုနာဗိုင်းရပ်- ပိတ်ချမှုအတွင်း ဘာတွေ လုပ်ခွင့်ရှိပြီး ဘာတွေလုပ်ခွင့်မရှိဘူးလဲ?

တနင်္လာနေ့ မွန်းတည့်ချိန်ကစပြီး နေရာအတော်အများများနဲ့ လုပ်ငန်းအတော်များများကို ပိတ်ချလိုက်ကြပါတယ်။

ဒီလို လုပ်ဆောင်ရတာကတော့ အစိုးရအနေနဲ့ လူတစ်ယောက်နဲ့တစ်ယောက် ဘယ်လောက် အကွာမှာ နေထိုင်ကြရမယ်ဆိုတာကို သတ်မှတ်ထားပေမယ့် လူတွေက မလိုက်နာလို့ အခုလို ကန့်သတ်တင်းကြပ်မှုတွေ တိုးမြင့်လုပ်ဆောင်ရတာလို့ ပြောပါတယ်။

လူတွေ တစ်ယောက်နဲ့ တစ်ယောက် ဘယ်လောက်အကွာမှာ နေသင့်တယ်၊ လူဘယ်လောက်သာ စုဝေးရမယ် စသည်ဖြင့် လမ်းညွန်ချက်တွေ သတ်မှတ်းထားပေမယ့် လူတွေက လိုက်နာတာမရှိတဲ့အတွက် ရောဂါ ပြန့်ပွားမှုတွေ၊ အသက်ဆုံးရှုံးမှုတွေ ပိုများနိုင်တဲ့အတွက် လုပ်ဆောင်တာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒီအချိန်ဟာ ဘယ်လောက်အရေးကြီးတဲ့အချိန်ဖြစ်တယ်၊ အခြေအနေကောင်းတခုအတွက် အတူတူ လက်တွဲလုပ်ဆောင်ဖို့ ဘယ်လောက် အရေးကြီးတဲ့အချိန် ဖြစ်သလဲ ဆိုတာကို သြစတြေးလျံတွေကို အသိပေးလိုတယ်ဆိုတဲ့ သဘောမျိုးနဲ့လည်း ပြောဆိုခဲ့ပါတယ်။

ပြည်ထောင်စု အစိုးရရဲ့ သတ်မှတ်ကန့်သတ်ချက်တွေကို ပြည်နယ်တွေ၊ အထူးဒေသဆိုင်ရာ အာဏာပိုင်တွေက သဘောတူလက်ခံပြီး အကောင်အထည်ဖော် လုပ်ဆောင်ကြမှာ ဖြစ်ပါတယ်။

အချိန်ဘယ်လောက်ကြာကြာအထိ လုပ်မလဲ ဆိုတာကိုလည်း မတိအကျမသိရသေးပါဘူး။

ပိတ်ချကန့်သတ်ချုပ်ချယ်မှုလုပ်တဲ့ shutting down ဆိုတာဘာလဲ။

Shut down လို့ ဆိုရာမှာ လူစုလူဝေးတွေ များလေ့ရှိတဲ့ နေရာတွေကို ပိတ်ချလိုက်ခြင်း ဒါမှမဟုတ် ကန့်သတ်ချုပ်ချယ်မှုတွေ ချမှတ်လိုက်ခြင်းက အဓိက ဖြစ်ပါတယ်။

လူစုလူဝေးမှု များရင် ကိုရိုနာဗိုင်းရပ် ကူးစက်နိုင်ခြေပိုများတဲ့အတွက် လူတွေ စုဝေးလေ့ရှိတဲ့ Pubs တွေ၊ bars တွေနဲ့ လိုင်စင်ရ ကလပ်တွေလည်း ပါဝင်တဲ့အတွက် အဲဒီလို နေရာမျိုးကို ပိတ်ချလိုက်တာ ဒါမှမဟုတ် ကန့်သတ်ချုပ်ချယ်မှုတွေ ချမှတ်လိုက်တာ ဖြစ်ပါတယ်။

ရုပ်ရှင်ရုံ၊ ကာစီနိုလောင်းကစားရုံ၊ နိုက်ကလပ်တွေကိုလည်း ပိတ်ချလိုက်ပါတယ်။

ကိုယ်လက်လေ့ကျင့်ခန်းလုပ်နိုင်တဲ့ Gyms တွေ၊ indoor အားကစားရုံတွေကိုလည်း ပိတ်ချထားပေမယ့် parks တွေနဲ့ တခြားအများသုံး နေရာတွေကိုတော့ ဖွင့်လှစ်ဆဲ ဖြစ်ပါတယ်။

ဘုရားဝတ်ပြုရာ နေရာတွေကိုလည်း ပိတ်ချထားသလို၊ ဘာသာရေးနဲ့ ဆက်စပ်တဲ့ လူစုဝေးမှုတွေ၊ အသုဘအခမ်းအနားတွေကိုလည်း လုပ်ခွင့်မပေးတော့ပေမယ့် လူနည်းမယ်ဆိုရင် ဒါမှမဟုတ် လူတစ်ယောက်နဲ့ တစ်ယောက် ၄ စတုရန်းမီတာ အကွာအဝေးမှာ နေလို့ရမယ့် အနေအထားရှိရင်တော့ လုပ်ခွင့်ပေးထားပါတယ်။

ဘယ်လို လုပ်ငန်းတွေကို ဆက်လက် လည်ပတ်ခွင့်ပေးထားသလဲ

မရှိမဖြစ် လိုအပ်တဲ့ အရာတွေဖြစ်တဲ့ ဆူပါမတ်ကက်တွေ၊ ဓာတ်ဆီဆိုင်တွေ၊ ဘဏ်တွေနဲ့ ဆေးဆိုင်တွေကို ဆက်လက် ဖွင့်ခွင့် ပေးထားပါတယ်။

ရှော့ပင်းစင်တာတွေနဲ့ တခြားအရောင်းဆိုင်တွေအပြင် အရက်ယာမကာဆိုင်တွေလည်း ဆက်လက်ဖွင့်လှစ်ခွင့် ရှိပါတယ်။

စားသောက်ဆိုင်၊ ကော်ဖီဆိုင်တွေကိုလည်း ဆက်လက် ရောင်းချခွင့်ပေးထားပေမယ့် ဆိုင်မှာ ထိုင်စားခွင့်မရှိပဲ အိမ်ထုတ်ပြန်တာမျိုး ဒါမှမဟုတ် အိမ်ကို ပို့ဆောင်တဲ့ ဝန်ဆောင်မှုမျိုးကို အသုံးပြုခိုင်း ထားပါတယ်။

ဟိုတယ်တွေလည်း ဆက်လက် လည်ပတ်ခွင့်ရှိပေမယ့် ဟိုတယ်တွင်းက လိုင်စင်ရ ဆိုင်ကိုတော့ ပိတ်ချထားရပါတယ်။

ကုန်သယ်ယူပို့ဆောင်ရေး လုပ်ငန်းလည်း ဆက်လက် လုပ်ကိုင်ခွင့်ပေးပြီး အဲလို မှသာ သြစတြေးလျနိုင်ငံမှာ ကုန်တွေ လည်ပတ်စီးဆင်းနေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဆက်လက် လည်ပတ်ခွင့်ရှိတဲ့ လုပ်ငန်းတွေ၊ အလုပ်ရုံတွေဟာလည်း ဖြစ်နိုင်ရင် အိမ်ကနေ အလုပ်လုပ်ဖို့နဲ့ ဒါမှမဟုတ် အလုပ်သွားမယ်ဆိုရင်လောက် တစ်ယောက်နဲ့ တစ်ယောက် ဘယ်လောက်အကွာမှာ ရှိရမယ် ဆိုတဲ့လမ်းညွန်ချက်ကို လိုက်နာရမယ်လို့ ပြောပါတယ်။

ကျောင်းတွေကို ဘာဖြစ်လို့ မပိတ်ချလိုက်တာလဲ

တနင်္ဂနွေညမှာ ဝန်ကြီးချုပ် စကော့တ် မော်ရီဆန်က ကျန်းမာရေး ပညာရှင်တွေရဲ့ အကြံပြုချက်အရ စာသင်ကျောင်းတွေ ပိတ်ချစရာ မလိုဘူးလို့ အကြံပြုကြတဲ့အတွက် ကျောင်းကို ဆက်လက် ဖွင့်လှစ်ထားမယ်လို့ ပြောပါတယ်။

ကလေးငယ်တွေ ပညာရေး တစ်နှစ်လောက် နစ်နာသွားတာမျိုး မဖြစ်စေချင်ဘူးလို့လည်း ပြောပါတယ်။

ဒါပေမဲ့ မိမိရဲ့ သား၊ သမီးတွေကို ကျောင်းပို့မယ်၊ မပို့ဘူးဆိုတာကတော့ မိဘတွေကသာ ရွေးချယ်ရမှာဖြစ်တယ်လို့ ပြောပါတယ်။

တချို့ စာသင်ကျောင်းတွေကတော့ ကလေးတွေ အွန်လိုင်းကနေတဆင့် စာသင်ယူလို့ရအောင် လုပ်ဆောင်ထားပြီ ဖြစ်ပါတယ်။

ဒါပေမဲ့ Victoria ပြည်နယ်နဲ့ ACT တို့ကတော့ အီစတာကာလ ကျောင်းပိတ်ရက်မတင်ခင်ကတည်းက ကျောင်းကို ပိတ်ချဖို့ ဆုံးဖြတ်လိုက်ပြီး အင်္ဂါနေ့မှာ စတင်ပိတ်ချတော့မှာ ဖြစ်ပါတယ်။

New South Wales ပြည်နယ် ဝန်ကြီးချုပ် Gladys Berijiklian ကလည်း ကလေးတွေအားလုံးကို အိမ်မှာပဲ နေခိုင်းဖို့ မိဘတွေကို တိုက်တွန်းထားပါတယ်။

အရင်တစ်ပတ်လောက်ကတည်းက ကျောင်းသူ၊ ကျောင်းသား ၃၀% လောက် ကျောင်းမလာကြသလို အခုဆိုရင် ကျောင်းပိတ်ရာသီလည်း ရောက်တော့မှာမို့ အိမ်မှာပဲ နေထိုင်မှုတွေ ပိုများလိမ့်မယ်လိုပလည်း သူက ပြောပါတယ်။

ဒီလိုအချိန်မှာ နေအိမ်အပြင် ထွက်ခွင့် ရှိပါသလား။

လက်ရှိအခြေအနေဟာ တစ်နိုင်ငံလုံးကို lockdown လုပ်တဲ့အဆင့် မဟုတ်တဲ့အတွက် အပြင်ထွက်ခွင့်ရှိပါတယ်။ ဥရောပတိုက်က နိုင်ငံတချို့နဲ့ အမေရိကန်မှာ stay-at-home ချမှတ်ထားသလို ပြင်းထန်မှု မရှိသေးဘူးလို့ ဆိုနိုင်ပါတယ်။
သြစတြေးလျ နိုင်ငံသားတွေအနေနဲ့ လွတ်လွတ်လပ်လပ် သွားလာခွင့် ရှိသေးပေမယ့် အပြင်ထွက်တဲ့အခါ တစ်ယောက်နဲ့ တစ်ယောက် အနည်းဆုံး ၁.၅ မီတာ အကွာအဝေးမှာ နေဖို့နဲ့ အဆောက်အဦးအတွင်းမှာဆိုရင် တစ်ယောက်နဲ့တစ်ယောက် ၄ စတုရန်းမီတာ အကွာအဝေးမှာ နေဖို့ သတ်မှတ်ပေးထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် တခြားပြည်နယ်တွေကိုလည်း မလိုအပ်ရင် မသွားဖို့ တိုက်တွန်းထားသလို Tasmania, WA, ACT နဲ့ South Australia ပြည်နယ်တို့ကတော့ သူတို့ ပြည်နယ်ထဲ ဝင်လာသူမှန်သမျှ ၁၄ ရက်ကြာ နေအိမ်မှာ ဒါမှမဟုတ် ဟိုတယ်မှာ ၁၄ ရက်ကြာ သီးသန့်ခွဲခြားနေထိုင်ရမယ်လို့ သတ်မှတ်လိုက်ပြီ ဖြစ်ပါတယ်။

Queensland ပြည်နယ်ကလည်း အလားတူ လုပ်ဆောင်မယ်လို့ ဒီတနင်္လာနေ့မှာ ကြေညာပေမယ့် ဘယ်လို ဘယ်ပုံ လုပ်ဆောင်မယ်ဆိုတဲ့ အသေးစိတ်ကို မသိရသေးပါဘူး။

ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံရပြီလို့ သံသယဖြစ်ရင် မိမိရဲ့ ဆရာဝန်ဆီမသွားပဲ အရင်ဖုန်းခေါ်ဆိုကြည့်နိုင်သလို တနိုင်ငံလုံးအတွက် သတ်မှတ်ပေးထားတဲ့ Coronavirus Health Information Hotline ရဲ့ ဖုန်းနံပတ်ဖြစ်တဲ့ ၁၈၀၀ ၀၂၀ ၀၈၀ ကို ဖုန်းဆက်မေးမြန်းနိုင်ပါတယ်။

ကျန်းမာရေးက အရေးပေါ် အခြေအနေ ဖြစ်နေတယ်ဆိုရင်တော့ သုံညသုံးလုံး ၀၀၀ ကို ဖုန်းဆက်သွယ်ပါ။

Source# https://www.sbs.com.au/language/burmese/what-you-can-and-can-t-do-under-australia-s-coronavirus-shutdown