WA ပြည်နယ်က ကျောင်းသားတွေ ဟိန္ဒီ၊ တာမေးလ်နဲ့ ကိုရီးယားစာ သင်ယူခွင့်ရှိမယ်

Western Australia ပြည်နယ်က ပြည်သူပိုင် စာသင်ကျောင်းတွေမှာ ပညာသင်ယူနေတဲ့ ကျောင်းသူ၊ ကျောင်းသားတွေအနေနဲ့ လာမယ့် နှစ်နှစ်အတွင်း ဟိန္ဒီဘာသာစကား၊ တာမေးလ်နဲ့ ကိုရီးယား ဘာသာစကားတွေကို သင်ယူခွင့်ရတော့မှာ ဖြစ်ပါတယ်။
အာရှ ဘာသာစကားတွေကို သင်ယူရာမှာ ရွေးချယ်ခွင့် ပိုများအောင် လုပ်ဆောင်ပေးတဲ့အနေနဲ့ ၂၀၂၃ ခုနှစ်ကစပြီး အဲဒီ ဘာသာစကား ၃ မျိုးကို ထပ်မံတိုးချဲ့ ချပေးတာ ဖြစ်ပါတယ်။

Western Australia ပြည်နယ်မှာ ဘာသာစကား အမျိုးပေါင်း ၁၉၀ ပြောဆိုနေကြတာဖြစ်ပြီး လက်ရှိ စာသင်ကျောင်းမှာ သင်ပေးနေတဲ့ ဘာသာစကားတွေအပြင် ရွေးချယ်စရာ ပိုများအောင် နောက်ထပ် ဟိန္ဒီ၊ တာမေးလ်နဲ့ ကိုရီးယားဘာသာစကားကို တိုးချဲ့ချမှတ်ပေးတာဖြစ်တယ်လို့ ပြည်နယ်အစိုးရက ပြောပါတယ်။

ဒီနှစ်ကစပြီး ၃ တန်းကနေ ၆ တန်း ကလေးငယ်တွေအနေနဲ့ အင်္ဂလိပ်စာအပြင် ဘာသာစကားတစ်ခုခုကို သင်ယူရမှာ ဖြစ်တယ်လို့ သတ်မှတ်ထားပါတယ်။ ၉ တန်းအထိလည်း ဘာသာစကား တစ်ခုခုကို သင်ယူရမှာဖြစ်ပေမယ့် ၁၀ တန်းကနေ ၁၂ တန်းမှာတော့ သင်ယူချင်ရင် ဆက်လက်သင်ယူနိုင်တဲ့ ရွေးချယ်မှုကို ပေးထားပါတယ်။

တခြားပြည်နယ်တွေနည်းသူ WA ပြည်နယ်က စာသင်ကျောင်းတွေမှာ အခုလောလောဆယ် တရုတ်၊ ဂျပန်၊ အင်ဒိုနီးရှား၊ အီတလျံ၊ ဂျာမန်နဲ့ ပြင်သစ်ဘာသာစကားတွေကို သင်ကြားပေးနေတာဖြစ်ပြီး ကျောင်းသားတွေအနေနဲ့ ကြိုက်နှစ်သက်ရာ ဘာသာကို ရွေးချယ်ကြတာ ဖြစ်ပါတယ်။ ဌာနေတိုင်းရင်းသားတွေ နေထိုင်မှု များတဲ့ဒေသမှာလည်း ဌာနေတိုင်းရင်းသား ဘာသာစကားတွေကို သင်ယူနိုင်ပါတယ်။

ဘာသာစကား မတူညီမှုဟာ Western Australia ပြည်နယ်ရဲ့ အကြီးမားဆုံးသော အင်အားတစ်ခုဖြစ်သလို လူမှုရေး၊ ရိုးရာယဉ်ကျေးမှုနဲ့ စီးပွားရေး အကျိုးအမြတ်တွေ ရရှိစေတာဖြစ်တယ်လို့လည်း Citizenship and Multicultural Interests ဝန်ကြီး Paul Papalia က ပြောပါတယ်။

တခြားဘာသာစကားကို တတ်ကျွမ်းခြင်းအားဖြင့် ကလေးငယ်တွေရဲ့ ကမ္ဘာ ပိုမိုကျယ်ပြန့် ပွင့်လာမှာဖြစ်ပြီး ဘာသာစကားကနေ သူတို့ရဲ့ လူမှုဆက်ဆံရေး တိုးတက်လာနိုင်သလို တခြားရိုရာယဉ်ကျေးမှုကို ပိုမိုနားလည်နိုင်တဲ့အပြင် သူတို့ရဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေကိုလည်း ပိုမိုကျယ်ပြန့်စေနိုင်တယ်လို့ ပြည်နယ်အစိုးရက ခံယူထားတာ ဖြစ်ပါတယ်။

၂၀၁၆ ခုနှစ် သန်းခေါင်စာရင်းအရ WA ပြည်နယ်သား ၇၅% ဟာ နေအိမ်မှာ အင်္ဂလိပ်ဘာသာစကား ပြောဆိုကြသူတွေဖြစ်ပြီး Mandarin တရုတ်ဘာသာ ပြောဆိုသူ (၁.၉ %), အီတာလျံစကားပြောဆိုသူ (၁.၂%), ဗီယက်နမ် (၀.၈%) နဲ့ Cantonese တရုတ်ဘာသာစကားပြောဆိုသူ (၀.၈%) ရှိတယ်လို့ ဖော်ပြထားပါတယ်။

Source # SBS Burmese