NSW Arts Minister resigns after breach of COVID-19 Lockdown Rule

ကိုဗစ်-၁၉ စည်းကမ်းကို မလိုက်နာလို့ အနုပညာရေးရာဝန်ကြီး ရာထူးကနှုတ်ထွက်။ NSW ပြည်နယ် အနုပညာရေးရာ ဝန်ကြီး Don Harwin ဟာ ကိုဗစ်-၁၉ ရောဂါနဲ့ ဆက်စပ်ပြီး ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို မလိုက်နာတဲ့အတွက် ဒေါ်လာ ၁၀၀၀ ဒဏ်တပ်ခံခဲ့ရပြီးနောက် အခုအခါမှာတော့ ရာထူးကနေ နှုတ်ထွက်လိုက်ပြီ ဖြစ်ပါတယ်။

Mr Harwin ဟာ ဒီတစ်ပတ် အစောပိုင်းတုန်းကပဲ Pearl Beach က သူ့ရဲ့ ဟောလီးဒေးအိမ်မှာ ရောက်နေတာကို တွေ့ရပြီးတဲ့နောက် ဒဏ်ကြေးဆောင်ဖို့ အပြစ်ပေးခံခဲ့ရတာ ဖြစ်ပါတယ်။

အဲဒီအိမ်ဟာ ဆစ်ဒနီမြို့ အရှေ့ပိုင်းက သူ့ရဲ့ နေအိမ်နဲ့ တစ်နာရီလောက် ဝေးတဲ့နေရာမှာ ရှိနေတာ ဖြစ်ပါတယ်။

အစိုးရက မဖြစ်မနေ လိုအပ်မှသာ အပြင်ထွက်ဖို့ သတ်မှတ်ထားတာဖြစ်ပြီး ဟောလီးဒေးသွားတာတွေ၊ ငါးမျှားထွက်တာတွေနဲ့ camping သွားနေခြင်း စတဲ့ အပန်းဖြေရေးတွေကို မဖြစ်မနေ သွားရတဲ့ ခရီးစဉ်အဖြစ် မသတ်မှတ်ထားပဲ အလုပ်သွား၊ ကျောင်းသွားဖို့၊ စျေးဝယ်၊ ဆေးဝယ်ထွက်ဖို့နဲ့ ဆေးရုံ၊ ဆေးခန်းသွားဖို့နဲ့ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ဖို့အတွက်သာ ခွင့်ပြုထားတာ ဖြစ်ပါတယ်။

ဒီသောကြာနေ့မှာပဲ နယူးဆောက်သ်ဝေးလ်ပြည်နယ် အနုပညာရေးရာ ဝန်ကြီးက ရာထူးကနေ နှုတ်ထွက်ကြောင်း ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။

သူ့ရဲ့ နေရာထိုင်ခင်း အစီအစဉ်ကြောင့် ဒီလို အချိန်မျိုးမှာ issue တစ်ခု ဖြစ်လာရတဲ့အပေါ် စိတ်မကောင်းဖြစ်မိကြောင်း၊ လူတွေလုပ်နေတဲ့ အလုပ်ကနေ သူ့ကြောင့် အာရုံလွဲရတဲ့အပေါ် စိတ်မကောင်းကြောင်း၊ သူ့အနေနဲ့ ကျန်းမာရေးဆိုင်ရာ ထုတ်ပြန်ချက်ကို လိုက်နာသင့်ကြောင်း အဲဒီအတိုင်းလည်း လုပ်ဆောင်တယ်လို့ ကိုယ့်ကိုကိုယ် ယုံကြည်ကြောင်း ဖော်ပြထားပါတယ်။

နယူးဆောက်သ်ဝေးလ် ရဲကော်မရှင်နာ Mick Fuller ကလည်း အနုပညာရေးရာ ဝန်ကြီးအနေနဲ့ စည်းကမ်းချိုးဖောက်ခဲ့ခြင်း ရှိမရှိ စုံစမ်းသွားမှာဖြစ်ပြီး တဆက်တည်းမှာပဲ ဝန်ကြီးဟာ သူ့ရဲ့ ဟောလီးဒေးနေအိမ်မှာ ရှိနေခဲ့တဲ့ ဓာတ်ပုံအထောက်အထားလည်း ရှိတယ်လို့ ပြောဆိုနေကြပါတယ်။

NSW ပြည်နယ် ဝန်ကြီးချုပ် Gladys Berejiklian က အနုပညာရေးရာ ဝန်ကြီးကို ရာထူးကနေ ဖယ်ရှားဖို့ ပြောဆိုနေကြတာကို ငြင်းပယ်ခဲ့ပြီး ရဲတွေရဲ့ စုံစမ်းမှု ရလဒ်ကို အရင်စောင့်ကြည့်ဦးမယ်လို့ ပြောဆိုလိုက်ပါတယ်။
သြစတြေးလျနိုင်ငံမှာ နေထိုင်သူတွေအနေနဲ့ တစ်အိမ်ထဲမှာ အမြဲတမ်း နေထိုင်နေကြ လူတွေနဲ့ မဟုတ်ရင် နှစ်ယောက်ထက် ပိုမစုရလို့သတ်မှတ်ထားပြီး တစ်ယောက်နဲ့တစ်ယောက် ၁.၅ မီတာ အကွာမှာ နေဖို့ ပြောဆိုထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ရှိတယ်လို့ သံသယဖြစ်ရင် ဆရာဝန်နဲ့ မတွေ့ခင် အရင်ဖုန်းဆက်ရမှာဖြစ်ပါတယ်။ ဒါမှမဟုတ် Coronavirus Health Information Hotline ရဲ့ ဖုန်းနံပတ်ဖြစ်တဲ့ ၁၈၀၀ ၀၂၀ ၀၈၀ ကို ဆက်သွယ်နိုင်ပါတယ်။

အသက်ရှုရခက်နေတယ် ဒါမှမဟုတ် တခြား အရေးပေါ် ကျန်းမာရေး အခြေအနေ ကြုံနေရရင် သုံညသုံးလုံး ၀၀၀ ကို ဖုန်းခေါ်ဆိုနိုင်ပါတယ်။

SBS အနေနဲ့ ကိုရိုနာဗိုင်းရပ်စ်နဲ့ ဆက်စပ်တဲ့ အကြောင်းအရာတွေကို လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ နားဆင်လေ့လာနိုင်အောင် ဘာသာစကား ၆၃ မျိုးနဲ့ တင်ဆက်ပေးနေပါတယ်။ ဆိုင်ရာ ဘာသာစကားနဲ့ လေ့လာဖတ်ရှု နားဆင်လိုတယ်ဆိုရင် sbs.com.au/coronavirus မှာ သွားရောက်လေ့လာနိုင်ပါတယ်။

Source# https://www.sbs.com.au/language/burmese/nsw-arts-minister-don-harwin-resigns-after-breach-of-coronavirus-lockdown-rules