ဖြေလျှော့ပေးဖို့ရှိချိန် မဲလ်ဘုန်း အသားရုံ ၄၉ ဦး ကူးစက်

ကန့်သတ်မှုတွေ ဖြေလျှော့ပေးဖို့ရှိချိန်မှာ အသားရုံမှာ ကူးစက်မှုများလို့ စိုးရိမ်ကြ
သြစတြေးလျနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေ သိသိသာသာ လျော့ကျလာလို့ ကန့်သတ်ချုပ်ချယ်မှုတွေကို လျှော့ချပေးမယ့်အနေအထား ရှိချိန်မှာပဲ ဗစ်တိုးရီးယား ပြည်နယ်က အသားစက်ရုံတစ်ခုမှာ လူ ၄၉ ဦး ကူးစက်ခံရမှု ဖြစ်တဲ့အတွက် စိုးရိမ်မကင်းမှု ဖြစ်နေကြပါတယ်။
မဲလ်ဘုန်းမြို့ Brooklyn ရပ်ကွက်က Cedar Meats အသားစက်ရုံမှာ လူ ၄၉ ဦး ကူးစက်ခံရသလို အဲဒီ စက်ရုံက လူတစ်ဦးနဲ့ ထိတွေ့ဆက်ဆံဖူးသူ Footscray ရပ်ကွက်က Doutta Galla Aged Care မှာ အလုပ်လုပ်တဲ့ ကျန်းမာရေးလုပ်သား တစ်ဦးလည်း ကူးစက်ခံနေရပါတယ်။
ဗစ်တိုးရီးယားပြည်နယ်အတွင်းရှိ မြို့ငယ်လေး တစ်မြို့က သက်ကြီးစောင့်ရှောက်ရေး စင်တာမှာလည်း ရောဂါကူးစက်ခံရသူ တစ်ဦးရှိလို့ သက်ကြီးစောင့်ရှောက်ရေး ဂေဟာ နှစ်ခုစလုံးကို ခေတ္တပိတ်ချထားပါတယ်။
အသားစက်ရုံမှာ အလုပ်လုပ်သူ တစ်ဦး ကိုရိုနာဗိုင်းရပ်စ် ရှိတယ်ဆိုတာကို ဧပြီလ ၂ ရက်နေ့ကတည်းက သိရပေမယ့် ဧပြီလ ၂၉ ရက်နေ့ကြမှ စက်ရုံကို ပိတ်ချလိုက်တာ ဖြစ်ပါတယ်။
ဧပြီလ ၂ ရက်နေ့မှာ ရောဂါကူးစက်ခံရကြောင်း သိရတဲ့လူက သူ့အနေနဲ့ အလုပ်ကို ၄ ပတ်ကြာ မသွားတဲ့အတွက် အလုပ်မှာ ကူးစက်မှု မရှိနိုင်ဘူးလို့ ယူဆထားတာ ဖြစ်ပါတယ်။
အဲဒီနောက်ပိုင်း ဧပြီလ ၂၄ ရက်နေ့မှာ နောက် အလုပ်သမား တစ်ဦး ကူးစက်ခံရပြီး ၂၄ နာရီအတွင်းမှာ တတိယမြောက် အလုပ်သမား ကူးစက်ခံရကြောင်း သိရှိကြတာ ဖြစ်ပါတယ်။

အခုဆိုရင် အသားစက်ရုံကို ပိတ်ချထားပြီး အသားစက်ရုံမှာ အလုပ်လုပ်သူ လူ ၃၅၀ လုံးကိုလည်း ရောဂါ ရှိမရှိ စစ်ဆေးလိုက်ပါတယ်။ ဒါပေမဲ့ အဲဒီစက်ရုံက အလုပ်သမားတစ်ယောက်ဟာ အလုပ်လုပ်ရင်း ဒဏ်ရာ ရလို့ Sunshine ဆေးရုံမှာ ကုသမှု ခံယူခဲ့ရာက အဲဒီဆေးရုံက ကျန်းမာရေးလုပ်သား တစ်ဦး ကူးစက်ခံရလို့ အဲဒီအလုပ်သမားနဲ့ အလုပ်လုပ်သူ ကျန်းမာရေးလုပ်သား အယောက် ၂၀ ကို သီးသန့်ခွဲခြားနေထိုင်မှု လုပ်ခိုင်းထားပါတယ်။

အခုလောလောဆယ် အသားစက်ရုံကို သွားရောက် လေ့လာခဲ့တဲ့ အစိုးရ အမှုထမ်းတွေလည်း ကူးစက်ခံရမှု ရှိမရှိ စုံစမ်းနေတယ်လို့ စိုက်ပျိုးမွေးမြူရေးရာ ဝန်ကြီး David Littleproud က ပြောပါတယ်။

Source# SBS Burmese
https://www.sbs.com.au/language/burmese/mystery-over-source-of-melbourne-meatworks-coronavirus-cluster-as-aged-care-worker-infected