ကိုဗစ်ကာကွယ်ဆေး မထိုးထားတဲ့လူတွေကို ဝန်ဆောင်မှုငြင်းဆန်တာမျိုး လုပ်လို့ရလား

ကာကွယ်ဆေးကို လိုလိုလားလား ထိုးချင်သူတွေ ရှိသလို မထိုးချင်ကြတဲ့လူတွေလည်း ရှိနေပါတယ်။

သြစတြေးလျအစိုးရက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အတင်းအဓမ္မ ထိုးခိုင်းတာမျိုး လုပ်မှာမဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။ ဒါပေမဲ့ အစိုးရက အတင်းအဓမ္မ ထိုးခိုင်းတာမျိုး မလုပ်ရင်တောင် လုပ်ငန်းရှင်တွေ၊ စီးပွားရေးလုပ်ငန်းတွေအနေနဲ့ အတင်းအဓမ္မ ထိုးခိုင်းတာမျိုး လုပ်နိုင်ပြီး မထိုးရင် ဝန်ဆောင်မှု မပေးဘူးဆိုပြီး ငြင်းဆန်ခွင့်ရှိပါတယ်။

သြစတြေးလျနိုင်ငံက လူတချို့ဟာ ဖေဖော်ဝါရီလ လလယ်ပိုင်းလောက်ကစပြီး ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ထိုးကြတော့မှာ ဖြစ်ပါတယ်။

ဦးစားပေးထိုးပေးမယ့်လူတွေ ဖြစ်တဲ့ သက်ကြီးစောင့်ရှောက်ရေးစင်တာက သက်ကြီးတွေ၊ သက်ကြီးစင်တာက အမှုထမ်းတွေ၊ မသန်စွမ်းသူတွေကို စောင့်ရှောက်တဲ့အမှုထမ်းတွေ၊ ကွာရန်တင်းစင်တာနဲ့ နယ်စပ်ရေးရာမှာ အလုပ်လုပ်တဲ့ လူတွေကို ပထမဦးဆုံး ထိုးပေးမှာ ဖြစ်ပါတယ်။

ပြည်ထောင်စု အစိုးရက ကိုဗစ်-၁၉ ကာကွယ်ဆေးကို အတင်းအဓ္မမ ထိုးပေးတာမျိုး လုပ်မှာမဟုတ်ဘူးလို့ ပြောဆိုထားတာရှိပေမယ့် ပြည်နယ်အစိုးရတွေနဲ့ ပုဂ္ဂလိက လုပ်ငန်းရှင်တွေအနေနဲ့ ကာကွယ်ဆေးထိုးမှရမယ်ဆိုတာမျိုး လုပ်ပိုင်ခွင့်ရှိပါတယ်။

အရင်တစ်ပတ်တုန်းက နယူးဆောက်သ်ဝေးလ်ပြည်နယ် ဝန်ကြီးချုပ် Gladys Berejiklian က ပြည်နယ်အစိုးရပိုင် နေရာတွေမှာ ကာကွယ်ဆေး မထိုးတဲ့လူကို ဝင်ခွင့်ပိတ်ပင်တာမျိုး လုပ်နိုင်ကြောင့် အရိတ်အမြွက်နဲ့ ပြောဆိုထားတာရှိပါတယ်။

လူတွေများများ ကာကွယ်ဆေးထိုးလေလေ သာမာန်အခြေအနေ ပြန်ရောက်နိုင်လေလေ ဖြစ်တယ်လို့လည်း Ms Berejiklian က ပြောပါတယ်။

လူတွေ ကာကွယ်ဆေးထိုးအောင် အစိုးရတွေ၊ လုပ်ငန်းရှင်တွေအနေနဲ့ ဘယ်အတိုင်းအတာအထိ လုပ်ဆောင်နိုင်သလဲ။

အစိုးရအနေနဲ့ မဖြစ်မနေ ကာကွယ်ဆေးထိုးရမယ်ဆိုပြီး သတ်မှတ်ခွင့်ရှိပါသလား။
ရှိပါတယ်။ အစိုးရအနေနဲ့ ကာကွယ်ဆေးတွေကို မဖြစ်မနေ ထိုးရမယ်ဆိုပြီး တရားဝင် သတ်မှတ်နိုင်သလို အဲဒီလို သတ်မှတ်မယ်ဆိုရင်လည်း သြစတြေးလျအတွက် ပထမဆုံးအကြိမ် သတ်မှတ်ခြင်း မဟုတ်ပါဘူး။

၁၉ ရာစုတုန်းက သြစတြေးလျအစိုးရကနေ ရေကျောက်ရောဂါ ကာကွယ်ဆေး မဖြစ်မနေ ထိုးရမယ်လို့ သတ်မှတ်ခဲ့ဖူးပါတယ်။ အဲဒီရေကျောက်ရောဂါဟာ ၁၉ ၇၉ ခုနှစ်ကစပြီး ကမ္ဘာမှာ လုံးဝပပျောက်သွားအောင် ပထမ ဦးဆုံး တိုက်ဖျက်နိုင်တဲ့ ကူးစက်ရောဂါဖြစ်ပါတယ်။

ဆစ်ဒနီတက္ကသိုလ်က ကျန်းမာရေးဆိုင်ရာ ဥပဒေနဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာ ပါမောက္ခ Cameron Stewart အစပိုင်းတုန်းက ကာကွယ်ဆေးကို မဖြစ်မနေ ထိုးရမယ်လို့ အစိုးရက ပြဌာန်းရတာမျိုး လိုအပ်ပေမယ့် ဒီနောက်ပိုင်းမှာ ကာကွယ်ဆေးတွေရဲ့ ထိရောက်မှုကို လူတွေ သိနားလည်တဲ့နောက်ပိုင်း အတင်းထိုးခိုင်းတာမျိုး လုပ်စရာ မလိုတော့ဘူးလို့ ပြောပါတယ်။

လူအများအပြားက ကာကွယ်ဆေးတွေဟာ ဘေးကင်းပြီး ထိရောက်မှု ရှိတယ်ဆိုတာကို သိကြလို့ ကာကွယ်ဆေးထိုးတဲ့နှုန်းက အရမ်းကို မြင့်မားသေးတဲ့အကြောင်း ဒါကြောင့် အစိုးရကနေ မဖြစ်မနေ ထိုးကြဖို့ သတ်မှတ်စရာ မလိုဘူးလို့ ပြောပါတယ်။

ဒါပေမဲ့ ၂၀ ရာစုကုန်လောက်မှာ ကာကွယ်ဆေးထိုးတဲ့နှုန်း ကျဆင်းလာတာရှိတဲ့အတွက် အဲဒီကိစ္စကို ပြန်လည်ဆွေးနွေးပြောဆိုမှု လုပ်ဖို့ လိုအပ်လာတယ်လို့ ပြောပါတယ်။

သြစတြေးလျ ပြည်ထောင်စု အစိုးရကတော့ လွန်ခဲ့တဲ့ သြဂုတ်လတုန်းက ကိုဗစ်-၁၉ ကာကွယ်ဆေးကို မဖြစ်မနေ ထိုးရမယ်လို့ သတ်မှတ်မှာ မဟုတ်ဘူးလို့ ကြိုတင်ပြောထားတာ ရှိပါတယ်။

ကာကွယ်ဆေးကို မဖြစ်မနေ ထိုးရမယ်လို့ မသတ်မှတ်ဘူးဆိုရင် လူတွေ ကာကွယ်ဆေးထိုးကြပါ့မလား။
ပြည်ထောင်စု အစိုးရကနေ ကာကွယ်ဆေးကို မဖြစ်မနေ ထိုးရမယ်လို့ မသတ်မှတ်ရင်တောင် ပြည်နယ်အစိုးရနဲ့ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းတွေအနေနဲ့ ကာကွယ်ဆေးထိုးရမယ်လို့ သတ်မှတ်ခွင့်ရှိပါတယ်။

တချို့ လုပ်ငန်းမှာ လုပ်ချင်ရင် ကာကွယ်ဆေးထိုးမှ ရမယ်လို့ သတ်မှတ်ထားတာမျိုး အခုကတည်းက ရှိနေပါပြီ။ ဥပမာ ကျန်းမာရေးလုပ်သားတွေအနေနဲ့ တုတ်ကွေးရောဂါ ကာကွယ်ဆေးကို နှစ်တိုင်း မဖြစ်မနေထိုးရသလို အသားထုတ်လုပ်ရေး လုပ်သားတွေ Q fever လို့ခေါ်တဲ့ ဆိုးဝါးတဲ့ တုတ်ကွေးရောဂါလက္ခဏာနဲ့ ဆင်တူတဲ့ ဘက်တီးရီးယားပိုး ကာကွယ်ဆေးကို ထိုးရတာမျိုး ဖြစ်ပါတယ်။

ဒါ့အပြင် အရင်နှစ်တုန်းကပဲ Qantas လေကြောင်းလိုင်းရဲ့ CEO ဖြစ်သူ Alan Joyce က Qantas လေကြောင်းလိုင်းနဲ့ ပြည်ပနိုင်ငံကို သွားမယ့်လူတွေအနေနဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးရမယ်လို့ ပြောဆိုထားပြီး ဆေးမထိုးတဲ့လူတွေကို ပျံသန်းခွင့်မပေးနိုင်ဘူးလို့ ပြောဆိုထားပါတယ်။

အဲဒီလို သတ်မှတ်ချက်တွေကြောင့် အစိုးရကနေ လူတိုင်း ကာကွယ်ဆေး ထိုးရမယ်လို့ သတ်မှတ်စရာ မလိုပဲ အလိုအလျောက် လူတွေ ကာကွယ်ဆေး ထိုးပြီးသားမျိုး ဖြစ်စေနိုင်တယ်လို့ ပါမောက္ခ Stewart က ပြောပါတယ်။

ကာကွယ်ဆေး မထိုးထားရင် ဘတ်စ်ကား မစီးနဲ့၊ ဒါမှမဟုတ် လေယာဉ်မစီးနဲ့ ဆိုပြီး သတ်မှတ်နိုင်တဲ့အတွက် အစိုးရအနေနဲ့ မဖြစ်မနေ ကာကွယ်ဆေးထိုးကြဖို့ သတ်မှတ်စရာ မလိုပေမယ့် အစိုးရအနေနဲ့ လုပ်ရမှာကတော့ လုပ်ငန်းတွေက ကာကွယ်ဆေးမထိုးတဲ့လူတွေကို ဝင်ခွင့်မပေးလို့ တိုင်တန်းမှု လုပ်လာရင် စောင့်ကြည့်ဖြေရှင်းပေးတာမျိုးလုပ်ရနိုင်ပါတယ်။

ကျန်းမာရေးအရ ကာကွယ်ဆေး ထိုးလို့မရတဲ့ လူတချို့ ရှိပါတယ်။ အဲဒီလူတွေက ကာကွယ်ဆေး မထိုးလို့ ဝင်ခွင့်မရဘူး၊ ဝန်ဆောင်မှု မရတဲ့အနေအထားမျိုးမှာ အစိုးရက ပါဝင်စောင့်ကြည့်မှု လုပ်ရနိုင်ပါတယ်။

ကာကွယ်ဆေး မထိုးတဲ့လူတွေကိုရော စီးပွားရေးလုပ်ငန်းတွေက ဝန်ဆောင်မှု ငြင်းဆန်တာမျိုး လုပ်နိုင်သလား။
လုပ်နိုင်ပါတယ်။ အများအားဖြင့် လုပ်ပိုင်ခွင့် ရှိပါတယ်။

Monash တက္ကသိုလ်က ဖွဲ့စည်းပုံဥပဒေဆိုင်ရာ တွဲဖက်ပါမောက္ခ Luke Beck က ၁၀ ခါမှာ ၉ ခါလောက် စီးပွားရေးလုပ်ငန်းအနေနဲ့ ကာကွယ်ဆေး မထိုးတဲ့လူတွေကို ဝန်ဆောင်မှု ပေးဖို့ တရားဝင် ငြင်းဆိုနိုင်ပါတယ်။

ဥပမာ RSL club မှာ ကော်လံမပါတဲ့ အကျီမဝင်ရင် မဝင်ရ ဒါမှမဟုတ် ညပ်ဖိနပ်နဲ့ မဝင်ရ ဆိုပြီး သတ်မှတ်ခွင့်ရှိပါတယ်။ ဒါပေမဲ့ ကျန်းမာရေးအရ ကာကွယ်ဆေးထိုးလို့မရလို့ ကာကွယ်ဆေးမထိုးတဲ့ လူတွေကို ဝင်ခွင့်မပေးရင် ခွဲခြားဆက်ဆံရေး ဥပဒေနဲ့ ညှိနိုင်ပါတယ်။ ပြည်နယ်နဲ့ ဒေသတိုင်းနီးပါးမှာ ခွဲခြားဆက်ဆံမှုကို ဆန့်ကျင်တဲ့ ဥပဒေတွေ ရှိတဲ့အတွက် ဖြစ်ပါတယ်။

သြစတြေးလျ တလွှားမှာ ကျန်းမာရေးအရ နှာခေါင်းစည်း mask တပ်လို့ မရတဲ့လူတွေအတွက် ချွင်းချက်ပေးထားသလိုမျိုး စီးပွားရေးလုပ်ငန်းတွေကလည်း ကျန်းမာရေးအရ ကာကွယ်ဆေးထိုးလို့မရတဲ့ လူတွေအတွက် ချွင်းချက်ပေးတာမျိုးတွေ လုပ်ပေးနိုင်ပါတယ်။

နောက်တစ်ချက်ကတော့ ကာကွယ်ဆေးထိုးမှ ဝန်ဆောင်မှုပေးမယ်လို့ မသတ်မှတ်ခင်မှာ လူတွေအရင်ဆုံး ကာကွယ်ဆေးထိုးဖို့ လုံလောက်တဲ့ အချိန်ကို ပေးထားရမှာ ဖြစ်တယ်လို့လည်း တွဲဖက်ပါမောက္ခ Beck က ပြောပါတယ်။

လူတိုင်း ကာကွယ်ဆေးထိုးနိုင်ဖို့ဆိုတာ အချိန်အတိုင်းအတာ တစ်ခုအထိ လိုအပ်ပါတယ်။ ဒါကြောင့် လူတွေကို ကာကွယ်ဆေးထိုးမှ ဝန်ဆောင်မှုပေးမယ်ဆိုတဲ့ သတ်မှတ်ချက်မျိုးတော့ တော်တော်နဲ့ လုပ်နိုင်ဦးမှာ မဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။

သြစတြေးလျနိုင်ငံမှာ နေထိုင်သူတွေအနေနဲ့ တစ်ယောက်နဲ့တစ်ယောက် ၁.၅ မီတာ အကွာမှာ နေဖို့ ညွန်ကြားထားပါတယ်။ ပြည်နယ်အလိုက် လူဘယ်လောက်သာ စုရမယ်ဆိုတဲ့ ကန့်သတ်တင်းကြပ်မှုတွေကို လေ့လာပါ။

သင့်အနေနဲ့ အအေးမိခြင်း ဒါမှမဟုတ် တုတ်ကွေးရောဂါ လက္ခဏာ ခံစားနေရရင် နေအိမ်မှာပဲနေပြီး ရောဂါ စမ်းသပ်ဖို့ သင့်ရဲ့ ဆရာဝန်ကို ဖုန်းဆက်နိုင်သလို Coronavirus Health Information Hotline ရဲ့ ဖုန်းနံပတ်ဖြစ်တဲ့ ၁၈၀၀ ၀၂၀ ၀၈၀ ကိုလည်း ဆက်သွယ်နိုင်ပါတယ်။

SBS အနေနဲ့ ကိုရိုနာဗိုင်းရပ်စ်နဲ့ ဆက်စပ်တဲ့ အကြောင်းအရာတွေကို နားဆင်လေ့လာနိုင်အောင် ဘာသာစကား ၆၃ မျိုးနဲ့ တင်ဆက်ပေးနေပြီး www.sbs.com.au/coronavirus မှာ သွားရောက် လေ့လာနိုင်ပါတယ်။

Source# SBS Burmese