Australia COVIDSafe app ကို ဒေါင်းလုဒ် လုပ်သူ ၂ သန်းနီးပါးရှိပြီ

သြစတြေးလျ အစိုးရက ကိုဗစ်-၁၉ ကို ကောင်းမွန်စွာ ခြေရာခံနိုင်ဖို့အတွက် ရည်ရွယ်ပြီး COVIDSafe app ကို အများပြည်သူ ဒေါင်းလုဒ် လုပ်ဖို့ တနင်္ဂနွေမှာ စတင်လိုက်ပြီး တစ်ရက်အတွင်းမှာ လူပေါင်း ၂ သန်းနီးပါး ဒေါင်းလုဒ် လုပ်ထားကြတယ်လို့ အစိုးရက ပြောပါတယ်။

COVID-19 ရောဂါကို ခြေရာခံပေးတဲ့ app ဟာ မိမိအနေနဲ့ ကိုဗစ်-၁၉ ရောဂါ ရှိတဲ့လူနား ရောက်နေတဲ့အခါ ဖုန်းထဲက bluetooth ကနေတဆင့် အသိပေးတပ်လှန့်ပေးနိုင်တဲ့ app ဖြစ်ပါတယ်။

တနင်္ဂနွေညမှာ လူအများ ဒေါင်းလုဒ် လုပ်လို့ရအောင် စတင်လုပ်ပေးချိန်ကနေ တနင်္လာနေ့ ညနေ ၄ နာရီလောက်အထိ လူပေါင်း ၁.၈၉ သန်းက ဒေါင်းလုဒ် လုပ်ယူခဲ့ကြတာ ဖြစ်ပါတယ်။

ဒီလို လုပ်ရပ်ကို ကျန်းမာရေးအကြီးအကဲ Brendan Murphy က ကျေနပ်အားရနေပြီး ဒါဟာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ တိုက်ဖျက်ရေးအတွက် အများပြည်သူတွေအတွက် အကျိုးရှိတဲ့ လုပ်ရပ် ဖြစ်တယ်လို့ ဆိုပါတယ်။

သြစတြေးလျံတွေ ဒီ app ကို များများ ရယူကြလေလေ ကျန်းမာရေးတုန့်ပြန်မှုအတွက် ပိုလုံခြုံမှု ရှိလေလေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

သြစတြေးလျံက လူဦးရေ ၅၀% လောက် အဲဒီ app ကို ရယူလိမ့်ကြမယ်လို့လည်း Dr Murphy က ခန့်မှန်းထားပါတယ်။

အစိုးရကတော့ ကိုဗစ်-၁၉ ကို ကောင်းမွန်စွာ ခြေရာခံနိုင်ဖို့အတွက် လူပေါင်း ၄၀% ဒါမှမဟုတ် လူပေါင်း ၁၀ သန်းလောက် အဲဒီ app ကို ဖုန်းထဲမှာ ဒေါင်းလုဒ် လုပ်ထားဖို့ လိုအပ်တယ်လို့ ပြောဆိုထားပါတယ်။

ကျန်းမာရေး ဝန်ကြီးဌာနရဲ့ အချက်အလက်ဆိုင်ရာ အရာရှိ Daniel Keys ကတော့ code ကို ဖော်ပြဖို့ လုံခြုံတာနဲ့ ဖော်ပြပေးသွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

Australian Cybersecurity Centre ကနေ လုံခြုံမှု ရှိမရှိ အရင်လုပ်ဆောင်နေပြီး လုံခြုံမှု ရှိတာနဲ့ ၂ ပတ်အတွင်း code ကို ချပြမှာ ဖြစ်တယ်လို့ ပြောပါတယ်။

အစိုးရကနေ အများပြည်သူတွေ ဒေါင်းလုဒ် လုပ်လို့ရအောင် လုပ်ထားပေးတဲ့ app ကို COVIDSafe လို့ ခေါ်ပြီး အဲဒီ app ကို ဒေါင်းလုဒ် လုပ်ဖို့ ဆရာဝန်တွေ၊ သူနာပြုတွေ၊ စီးပွားရေးလုပ်ငန်းနဲ့ ဘဏ်လုပ်ငန်းအဖွဲ့အစည်းတွေကလည်း လူတွေကို တိုက်တွန်းထားပါတယ်။

မိမိရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက် privacy အတွက် စိုးရိမ်တယ်ဆိုရင်တော့ app အတွက် မှတ်ပုံတင်တဲ့အခါ နာမည်တု တစ်ခုခုနဲ့ ပေးပြီး လုပ်ဆောင်နိုင်တယ်လို့ ပြောပါတယ်။

သြစတြေးလျမှာ အသုံးပြုတဲ့ app ဟာ စင်္ကာပူရဲ့ Tracetogether software ကို အခြေခံ ပြုလုပ်ထားတာ ဖြစ်ပြီး လူတွေ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့အခါ ကျန်းမာရေးအာဏာပိုင်တွေကို Bluetooth ကနေတဆင့် အသိပေးတာ ဖြစ်ပါတယ်။

ရောဂါကူးစက်ခံရမှု ရှိမှန်း မသိတဲ့လူတွေကို ရှာဖွေရာမှာ အထောက်အကူပြုစေမှာဖြစ်သလို ရောဂါကို စောစောစီးစီး သိရမှာဖြစ်လို့ ကုသမှုပေးနိုင်မှာဖြစ်လို့ ဆရာဝန်တွေ၊ သူနာပြုတွေ၊ ကျန်းမာရေးဝန်ထမ်းတွေ၊ မိသားစုနဲ့ သူငယ်ချင်းမိတ်ဆွေတွေကိုပါ ကာကွယ်စေပြီး အသက်ကိုပါ ကယ်နိုင်မယ့် app ဖြစ်တယ်လို့လည်း ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။

အစိုးရကတော့ ရောဂါ စမ်းသပ်မှုကို ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်ခြင်းနဲ့ ရောဂါကို ကောင်းမွန်စွာ ခြေရာခံနိုင်တဲ့အခါကြရင် တင်းကြပ်မှုတွေကို ဖြေလျှော့တာမျိုး ပိုလုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။

App ပေါ်က အချက်အလက်တွေကို ကျန်းမာရေး အာဏာပိုင်တွေကသာ ဝင်ရောက်ကြည့်ရှုခွင့် ရှိမှာ ဖြစ်တယ်လို့လည်း ဝန်ကြီးချုပ် Scott Morrison က ABC သတင်းကို ပြောပါတယ်။

လူတွေရဲ့ ဖုန်းနံပတ်ကို ရောဂါ ရှိတဲ့အခါနဲ့ ခွင့်ပြုတဲ့အခါမှသာ ကျန်းမာရေးအာဏာပိုင်တွေက ဒေါင်းလုဒ် လုပ်မှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

အဲဒီ အချက်အလက်ကို တခြား အစိုးရနဲ့ ပြည်နယ် အာဏာပိုင်တွေက ဝင်ရောက်ကြည့်ရှုခွင့်ရမှာ မဟုတ်ပဲ ကျန်းမာရေးအာဏာပိုင်တွေကသာ အသုံးပြုခွင့်ရှိမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ရဲတွေ၊ ကူညီပံ့ပိုးရေးဌာနက လူတွေလည်း ဝင်ရောက် ကြည့်ရှုခွင့် မရှိဘူးလို့ ဆိုပါတယ်။

Labor ပါတီရဲ့ ကျန်းမာရေးဆိုင်ရာ ပြောခွင့်ရပုဂ္ဂိုလ် Chris Bowen က ဒီ app ကို Biosecurity Act ဥပဒေအရ လုပ်ဆောင်ထားတာဖြစ်ပြီး လူတွေရဲ့ ကိုယ်ရေးကိုယ်တာ privacy အတွက် စိတ်သက်သာရအောင် မေလကြရင် လွှတ်တော်အမတ်တွေ တွေ့ဆုံတဲ့အခါကြရင် တရားဥပဒေတစ်ရပ်အနေနဲ့ အသက်သွင်းပြီး လုပ်ဆောင်နိုင်တယ်လို့ ပြောပါတယ်။

သူ့အနေနဲ့ ဒီ app ကို ဒေါင်းလုဒ် လုပ်ရမှာ ဝန်မလေးဘူးလို့လည်း Mr Bowen က ပြောပါတယ်။

ဒီ app ကို ဒေါင်းလုဒ် မလုပ်တဲ့လူတွေဟာ Liberal နဲ့ National လွှတ်တော်အမတ်တွေသာ ဖြစ်တယ်လို့လည်း ဝေဖန်ပြောဆိုလိုက်ပါတယ်။

Australian Medical Association ဥက္ကဌ Tony Bartone ရဲ့ အဆိုအရ ဒီ app ဟာ ကပ်ရောဂါကို တုန့်ပြန်ရာမှာ သြစတြေးလျအတွက် အရေးကြီးတယ်လို့ ဆိုပါတယ်။

Business Council of Australia ရဲ့ အကြီးအကဲ Jennifer Westacott ကလည်း သြစတြေးလျံတွေအနေနဲ့ ဒီ app ကို ဒေါင်းလုဒ် လုပ်ကြဖို့ တိုက်တွန်းထားပါတယ်။

လူတွေ များများ ဒေါင်းလုဒ် လုပ်လေလေ လုံခြုံမှု ရှိလေလေ ဖြစ်စေမှာဖြစ်ပြီး ချမှတ်ထားတဲ့ တင်းကြပ်မှုတွေ မြန်မြန် ဖြေလျှော့နိုင်လေလေ ဖြစ်စေနိုင်မယ်လို့ ပြောပါတယ်။

သြစတြေးလျ နိုင်ငံသား နိုဘယ်လ် ဆုရှင် ကိုယ်ခံအားပညာဆိုင်ရာ ပညာရှင် Peter Doherty ကလည်း သူ့အနေနဲ့ ဒေါင်းလုဒ် လုပ်မှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒီ ကိုဗစ်-၁၉ ရောဂါကို တိုက်ဖျက်ရာမှာ ကူညီနိုင်မယ့် အရာမှန်သမျှ လုပ်ဆောင်မှာဖြစ်ပြီး လူတွေ မိုဘိုင်းဖုန်း စတင်အသုံးပြုကတည်းက privacy ဆိုတာ မရှိသလောက် ဖြစ်နေသလို အွန်လိုင်းမှာ ရှာဖွေ ဖတ်ရှုတာတွေ၊ Amazon မှာ ပစ္စည်းတွေ ဝယ်ယူတာတွေကအစ privacy တွေ သိပ်မရှိတော့ဘူးလို့ ပြောပါတယ်။

Australia Institute ရဲ့ လေ့လာမှုအရ သြစတြေးလျံ ၄၅% က COVIDSafe app ကို ဒေါင်းလုဒ် လုပ်မယ်လို့ လေ့လာတွေ့ရှိရပြီး ၂၈% ကတော့ မလုပ်ဘူးလို့ ဖြေဆိုထားပါတယ်။ ၂၇% ကတော့ ဒေါင်းလုဒ် လုပ်ရမလား၊ မလုပ်ဘူးလား ဆိုတာ မသိသေးဘူးလို့ ဖြေဆိုထားကြပါတယ်။

သြစတြေးလျနိုင်ငံမှာ နေထိုင်သူတွေအနေနဲ့ တစ်အိမ်ထဲမှာ အမြဲတမ်း နေထိုင်နေကြ လူတွေနဲ့ မဟုတ်ရင် နှစ်ယောက်ထက် ပိုမစုရလို့သတ်မှတ်ထားပြီး တစ်ယောက်နဲ့တစ်ယောက် ၁.၅ မီတာ အကွာမှာ နေဖို့ ပြောဆိုထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ရှိတယ်လို့ သံသယဖြစ်ရင် ဆရာဝန်နဲ့ မတွေ့ခင် အရင်ဖုန်းဆက်ရမှာဖြစ်ပါတယ်။ ဒါမှမဟုတ် Coronavirus Health Information Hotline ရဲ့ ဖုန်းနံပတ်ဖြစ်တဲ့ ၁၈၀၀ ၀၂၀ ၀၈၀ ကို ဆက်သွယ်နိုင်ပါတယ်။

အသက်ရှုရခက်နေတယ် ဒါမှမဟုတ် တခြား အရေးပေါ် ကျန်းမာရေး အခြေအနေ ကြုံနေရရင် သုံညသုံးလုံး ၀၀၀ ကို ဖုန်းခေါ်ဆိုနိုင်ပါတယ်။

SBS အနေနဲ့ ကိုရိုနာဗိုင်းရပ်စ်နဲ့ ဆက်စပ်တဲ့ အကြောင်းအရာတွေကို လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ နားဆင်လေ့လာနိုင်အောင် ဘာသာစကား ၆၃ မျိုးနဲ့ တင်ဆက်ပေးနေပါတယ်။ ဆိုင်ရာ ဘာသာစကားနဲ့ လေ့လာဖတ်ရှု နားဆင်လိုတယ်ဆိုရင် sbs.com.au/coronavirus မှာ သွားရောက်လေ့လာနိုင်ပါတယ်။

Source# https://www.sbs.com.au/language/burmese/almost-two-million-australians-download-covidsafe-contact-tracing-app