ဒေါ်လာ ၇၅၀ ထောက်ပံ့ကြေး ဒီကနေ့ကစပြီး ထပ်ရကြမယ်

အရင်နှစ် ဘဏ္ဍာရေးနှစ်အတွက် အစိုးရကနေ ဒေါ်လာ ၇၅၀ ကို လွန်ခဲ့လပိုင်းတုန်းက ထည့်ပေးခဲ့ပြီးနောက် အခုအခါမှာ ဒုတိယအကြိမ်အဖြစ် နောက်ထပ် ဒေါ်လာ ၇၅၀ စတင်ထည့်ပေးနေတာ ဖြစ်ပါတယ်။

အဆိုပါ ထောက်ပံ့ကြေးကို ဝင်ငွေနည်းသူတွေလို့ အစိုးရက သတ်မှတ်ထားတဲ့ အလုပ်လက်မဲ့ဖြစ်သူတွေ၊ မသန်စွမ်း ထောက်ပံ့ကြေးရရှိသူတွေ၊ သက်ကြီးတွေနဲ့ မသန်စွမ်းသူတွေကို ပြုစုစောင့်ရှောက်တဲ့ carer တွေ၊ ပင်စင်စားသမား စတဲ့လူတွေအတွက် ချမှတ်ပေးတာ ဖြစ်ပါတယ်။

အရင်တစ်ခါလိုပဲ ဘာလျှောက်လွှာမှ တင်စရာမလိုပဲ အလိုအလျောက် မိမိရဲ့ ဘဏ်အကောင့်ထဲကို ထည့်ပေးမှာ ဖြစ်ပါတယ်။

ကိုဗစ်-၁၉ ကြောင့် ဒုက္ခရောက်နေကြပြီး လူတွေ သုံးစရာရှိအောင်၊ စီးပွားရေးတွေလည်း လည်ပတ်နိုင်အောင် အစိုးရက အခုလို ဒေါ်လာ ၁၅၀၀ အထိပေးတဲ့ Economic Support Payment ကို နှစ်ကြိမ်ခွဲပြီး ချမှတ်ပေးတာ ဖြစ်ပါတယ်။

Family Tax Benefit ( FTB) ထောက်ပံ့ကြေး ရရှိသူတွေဟာလည်း အဲဒီငွေကြေး ရရှိမှာ ဖြစ်ပေမယ့် ဘယ်အချိန်မှာ ယူသလဲ အပေါ် မူတည်ပြီး အနှေးအမြန် ရရှိကြမှာ ဖြစ်ပါတယ်။

ပထမအကြိမ် ပေးတဲ့ ထောက်ပံ့ကြေးကို လူပေါင်း ၆သန်းကျော် လက်ခံရရှိတာ ဖြစ်ပြီး အဲဒီထောက်ပံ့ကြေး အစီအစဉ်က ဒေါ်လာ ၅.၆ ဘီလီယံ ကုန်ကျခဲ့ရပါတယ်။ ဒီတစ်ချီမှာတော့ လူပေါင်း ၅ သန်းလောက် လက်ခံရရှိမှာဖြစ်ပြီး အဲဒီအတွက် ကုန်ကျစရိတ်က ၃.၈ ဘီလီယံလောက် ရှိမှာဖြစ်လို့ စုစုပေါင်းအနေနဲ့ ဒေါ်လာ ၉ .၄ ဘီလီယံ ကုန်ကျမှာ ဖြစ်တယ်လို့ ခန့်မှန်းထားပါတယ်။

မိမိအနေနဲ့ ထောက်ပံ့ကြေးရရှိသင့်သူဖြစ်ပေမယ့် ဇူလိုင်လအကုန်မှာတောင် ငွေတွေ မဝင်သေးဘူးဆိုရင် Centrelink ကို ဆက်သွယ်ကြပါ။

Source# https://www.sbs.com.au/language/burmese/750-economic-support-payment-starts-today